အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Tuesday, 1 July 2014

ဝိသာခါနဲ့ပတ်သတ်ပြီး လေးစားမိတဲ့ သူ့စိတ်ထားလေးတစ်ခု

ဝိသာခါဆိုရင် ဗုဒ္ဓဘာသာဝင်တွေ အတော်များများ သိကြပါတယ်။
ပိဋကတ်တော်မှာ ဝိသာခ ဆိုတဲ့နာမည်ရှင်တွေ အများကြီး ရှိပေမယ့် အသိအများဆုံးကတော့
ပုဗ္ဗာရုံကျောင်းဒါယိကာမကြီး ဝိသာခါပါပဲ။
မြန်မာတွေလို ခေါ်ရင်တော့ မဝိသာခါပေါ့လေ။
သူ့ရဲ့ ဘဝဖြစ်စဉ်ထဲက ထင်ရှားတဲ့ စိတ်ဓာတ်လေးတစ်ခုကို ပြောချင်လို့ပါ။



- - - - -
သူဟာ မိဂါရသူဌေးရဲ့ သားဖြစ်သူ မောင်ပုဏ္ဏဝဍ္ဎန နဲ့ လက်ထပ်ခဲ့ပါတယ်။
မိဂါရသူဌေးဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ အဝတ်မဝတ်တဲ့ အစေလက တွေကို ကိုးကွယ်ပါတယ်။
မောင်ပုဏ္ဏဝဍ္ဎန နဲ့ မဝိသာခါတို့ရဲ့ မင်္ဂလာဦးကာလမှာ သားရှင်ဖြစ်တဲ့ မိဂါရသူဌေးကြီးဟာ
သူကိုးကွယ်တဲ့ အစေလကတွေကို မင်္ဂလာဦးဆွမ်းကျွေးပါတယ်။
ဆွမ်းတွေဆက်ကပ်တော့ သူဌေးကြီးက "ငါ့ရဲ့ အရှင်သခင် ရဟန္တာတွေကို ဖူးတွေ့လှည့်ပါ" လို့ မဝိသာခါကို ခေါ်ခိုင်းလိုက်ပါတယ်။
ဝိသာခါဟာ ရဟန္တာဆိုတဲ့စကားလဲကြားရော အားရဝမ်းသာ အလောတကြီးရောက်လာပါတယ်။
ဒါပေမယ့် တွေ့လိုက်ရတာက အဝတ် ဝတ်မထားတဲ့ အစေလက တွေဖြစ်နေပါတယ်။
အဲဒီမှာ မဝိသာခါက "အိုး၊ ရှက်စရာကြီး။ ဒီလို အရှက်မရှိသူတွေဟာ ဘယ်လိုလုပ် ရဟန္တာဖြစ်နိုင်မှာလဲ၊ ထွီ၊ ထွီ" လို့ ပြောပြီး ပြန်လာခဲ့ပါတော့တယ်။
အဲဒီကိစ္စကို အစေလကတွေက မကျေနပ်တော့ မဝိသာခါကို နှင်ထုတ်ဖို့ သူဌေးကြီးကို တိုက်တွန်းတယ်။
သူဌေးကြီးကလဲ ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေမနပ်ဖြစ်ပေမယ့် ဒီလောက်နဲ့ နှင်ထုတ်ဖို့ မဖြစ်နိုင်လို့ နှင်မထုတ်ခဲ့ပါဘူး။
- - - - -
တစ်နေ့မှာ သူဌေးကြီးဟာ ရွှေခွက်နဲ့ထည့်ပြီး အထူးနို့ထမင်းကို သုံးဆောင်နေပါတယ်။
မဝိသာခါကလဲ ယောက္ခမသူဌေးကြီးအနားမှာ ဝေယျာဝစ္စပြုစုရင်း ယပ်ခပ်ပေးနေစဉ်မှာပဲ ရဟန်းတစ်ပါးက ဆွမ်းရပ်လာပါတယ်။
ဒါကို မဝိသာခါမြင်တော့ ယောက္ခမသူဌေးကြီးကို ပါးစပ်နဲ့ပြောရင်တော့ အဆင်မပြေလောက်ဘူးလို့ တွေးပြီး သူဌေးကြီးမြင်နိုင်အောင် နေရာရွှေ့ထိုင်လိုက်ပါတယ်။
သူဌေးကြီးကတော့ ဆွမ်းခံရဟန်းကို မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်နေလိုက်ပါတယ်။
ဒါကိုသိတော့ မဝိသာခါက ရဟန်းတော်ကို "အရှင်ဘုရား၊ ကန်တော့ဆွမ်းပါဘုရား။ တပည့်တော်ရဲ့ ယောက္ခမကြီးဟာ အဟောင်းတွေကို စားနေသူပါဘုရား" လို့ လျှောက်ထားလိုက်ပါတယ်။
ဒီစကားလဲကြားရော သူဌေးကြီးဟာ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်ပြီးတော့ "ဒီမိန်းမကို နှင်ထုတ်လိုက်ကြစမ်း" လို့ အစေခံတွေကို အမိန့်ပေးပါတယ်။
အစေခံတွေအကုန်လုံးက မဝိသာခါကို ချစ်မြတ်နိုးကြတော့ ဘယ်သူမှ နှင်မထုတ်(ရဲ)ကြပါဘူး။
မဝိသာခါက သူဌေးကြီးကို "ဒါလောက်လေးပြောမိရုံနဲ့တော့ ကျွန်မ ထွက်မသွားနိုင်ပါဘူး။
ကျွန်မကို ဒီကို ခေါ်လာတာဟာ ရေခပ်ပေးရတဲ့ အစေခံကျွန်မကို ခေါ်လာသလိုမျိုး လွယ်လွယ်ကူကူနဲ့ ခေါ်လာတာမဟုတ်ပါဘူး။ ဒီလောက်လေးပြောရုံနဲ့ မိဘမျိုးရိုးကောင်းတဲ့ ဘယ်အမျိုးကောင်းသမီးကမှ ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်မ ဒီယောက်ျားအိမ်ကို ပြောင်းလာတော့ အပြစ်ရှိရင် ကျွန်မကိုဆုံးမဖို့ ကျွန်မအဖေက သူဌေး (၈) ဦး ထည့်ပေးလိုက်ပါတယ်။
သူတို့ကိုခေါ်ပြီးတော့ ကျွန်မမှာ အပြစ်ရှိ၊ မရှိ ဆုံးဖြတ်ပါ" လို့ ပြန်ပြောပါတယ်။
- - - - -
သူဌေးကြီးလဲ သူဌေး (၈) ဦးတို့ကို ခေါ်ပြီး မဝိသာခါ အပြစ်ရှိမရှိ ဖြေရှင်းခိုင်းပါတယ်။
(ပြဿနာနဲ့ ဖြေရှင်းချက်တွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ လိုရင်းမရောက်မှာစိုးလို့ ချန်ခဲ့ပါတယ်။)
သူဌေး (၈) ဦးတို့က မဝိသာခါမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ကြပါတော့တယ်။
ယောက္ခမ သူဌေးကြီးလဲ မဝိသာခါမှာ အပြစ်မရှိကြောင်း သိသွားပါတော့တယ်။
- - - - -
အဲဒီအခါမှ "မဝိသာခါက ကျွန်မဟာ ယောက္ခမသူဌေးကြီး နှင်ထုတ်တဲ့ စကားတစ်ခွန်းနဲ့ပဲ မိဘအိမ်ကို ပြန်သွားမယ်ဆိုရင်
မသင့်တော်ပါဘူး။ (အပြစ်ရှိသလိုလို ဖြစ်နေပါလိမ့်မယ်။) အခု ကျွန်မမှာ အပြစ်မရှိကြောင်း ထင်ရှားသွားပါပြီ။ အခုဆိုရင် မိဘအိမ်ကို ပြန်သွားဖို့ သင့်တော်ပါပြီ" လို့ ပြောပြီး တစ်ခါတည်းပဲ အစေခံတွေကို "ခရီးသွားဖို့ ပြင်ဆင်ကြတော့" လို့ ပြောလိုက်ပါတော့တယ်။
- - - - -
ဒါကတော့ မဝိသာခါရဲ့ ဇာတ်လမ်းထဲက အခန်းတစ်ခန်းပါ။
မဝိသာခါဟာ ယောက္ခမသူဌေးကြီးအိမ်ကို ရောက်ကတည်းက ဗုဒ္ဓဘာသာဝင်အိမ် မဟုတ်တာကို သိလောက်ပါတယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်နေတော့ အစေလကတွေကို မြင်ကတည်းက မိဘအိမ်ကို ပြန်ချင်တဲ့စိတ်တွေ ဖြစ်နေလောက်ပါတယ်။
သူဌေးကြီးရှေ့မှာ မဝိသာခါကိုယ်တိုင် ဆွမ်းမလောင်းတာကို ကြည့်ရင်လဲ ယောက္ခမအိမ်က အခြေအနေကို အနည်းအကျဉ်းနားလည်နိုင်ပါတယ်။
တကယ်ဆိုရင် သူဌေးကြီးက "နှင်ထုတ်လိုက်" လို့ ပြောကတည်းက သာမန်မိန်းကလေးဆိုရင် "ငါက ပြန်ချင်နေတာနဲ့ အတော်ပဲ" ဆိုပြီး ချက်ချင်း ထပြန်ချင် ထပြန်လောက်ပါတယ်။ မဝိသာခါ့မိဘတွေက မောင်ပုဏ္ဏဝဍ္ဎနရဲ့ မိဘတွေထက် အများကြီး ပိုပြီးချမ်းသာနေတော့ ပစ္စည်းချမ်းသာတာကိုလဲ မက်မောနေစရာ မလိုတော့ဘူးလေ။ ဒါပေမယ့် မဝိသာခါကတော့ မပြန်ဘူး။ အမျိုးကောင်းသမီးဖြစ်တဲ့အတွက်လို့ တင်ပြပြီး အပြစ်မရှိဘူးဆိုတာ သေချာအောင် လုပ်သွားတယ်။ ပြီးပြီဆိုမှပဲ "ကဲ အပြစ်မရှိဘူးဆိုတာ ရှင်းသွားမှတော့ အဖေ့အိမ်၊ အမေ့အိမ်ကိုပဲ ပြန်လိုက်တော့မယ်" လို့ ပြောတော့တာ။
(ငယ်ငယ်တုန်းက ဒီဇာတ်လမ်းကို ဖတ်ရတော့ အိမ်ပြန်တာများ တစ်ခါတည်း ပြန်လိုက်တာမဟုတ်ဘူးလို့ ထင်မိခဲ့ပါတယ်။ အခုကျမှပဲ ပြန်ဖတ်မိတော့ မဝိသာခါရဲ့ ဒီစိတ်ဓာတ်လေးကို သတိထားမိတော့တယ်။)
မိဘအိမ်ကနေ ယောက္ခမအိမ်ကို ပြောင်းရွှေ့သွားရသူတွေ (ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်) ဒါမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။
တွေ့ကြုံပြီဆိုရင်လဲ မဝိသာခါရဲ့ ပြဿနာကိုင်တွယ်ဖြေရှင်းပုံလေးကို သတိရ၊ အတုယူသင့်ပါတယ်။
ကိုယ်ကတော့ မဝိသာခါရဲ့ အဲဒီစိတ်ဓာတ်လေးကို သဘောကျမိတယ်။

No comments:

Post a Comment