အင်္ဂီရသဿ ဥဏ္ဏာယ ၊ ဒါဌာဟိ သေတရံသိယော။
ဝဇိရာဝ ဝိရောစန္တိ ၊ ဇိနော မေ ဌာတု သီသကေ။
အင်္ဂီရသဿ၊ အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစား၍ သုံးပါးဆယ်လီ ပါရမီတော်အဟုန်
စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံ ကွန့်မြူးလျှက် “ အင်္ဂီရသ ” ဆိုတဲ့ဘွဲ့ထူးကို အံ့ကျူးခံ့ခိုင်
ဖက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ဘုရားရှင် ကိုယ်တော် မြတ်ကြီး၏။ ဘမုကန္တရေ၊
မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာတာယ၊ နုဖြူထွားထွား ကောင်းစွာပေါက်ဖွား
ဖြစ်ပေါ်၍လာတော် မူသော။ ဥဏ္ဏာယစ၊ ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျှားသဖြင့် စိန်သား
နှစ်အသွင်ငွေနန်းချည် အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့် အနေပုံလို ဥဏ္ဏလုံးခေါ်
မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှလည်းကောင်း။ ဒါဌာဟိ စ၊ ပတ္တမြားခေါင်ရမ်း
နှင်းဆီပန်းကဲ့သို့ နီမြန်းသောနှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင်ဖုံး ပိတ်၍ထားအပ်သော
သွားတော်လေးဆယ်
စွယ်တော်လေးဆူ ဖြူရာရာဓာတ်တော်တို့မှ လည်း ကောင်း။ သေတ ရံသိယော ၊
ပုလဲအနှစ်စိန်စစ်တမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် ငွေကြယ် ရောင်သန်း ကေလာသငွေတောင်ကို
နေအရောင် လွှမ်းဘိသကဲ့သို့ မြတ်လေးပန်းစပယ်ငုံ ကြာဖြူပွင့် ဝတ်မှုံလို ပုံပမာကပ် စိန်တောင်ကို
တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ်တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်တဲ့
စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသော အဆင်း တော်မြတ်တို့သည်။ ဝဇိရာဝ၊ စိန်နှင့်စိန်သွေး
ဖြူဖွေးတောက်ပြောင် စိန်သား တောင်ကြီးကဲ့သို့။ ဝိရောစန္တိ၊ ဖူးမြင်ရသူတို့၏စိတ်ဝယ် အထူးဘဝင်မှာ
ကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဖက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော်မူကြပါပေကုန်၏။
သောဇိနော၊ ထူးထွေဆန်းလည် စိန်ရောင် ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး
ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ မမ၊ ရုပ်နှင့် နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွဲ၍
ငါပဲသမုတ် အကျွန်ုပ်၏။ သီသကေ၊ ဦးခေါင်းရတနာ မြတ်ရာ ထားတင် ဦးထိပ်ပြင်၌။ ဌာတု၊
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေမှု မေတ္တာပြု၍ ကြည့်ရှုကိုယ်တိုင် ခိုင်ခိုင်မတ်မတ်
ရပ်တန့်တည်နေတော်မူလှည့်ပါ စိန်ရောင် ခြည်နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

သာဓု သာဓု သာဓု
No comments:
Post a Comment