အလှူတော်ငွေများ ပါဝင်ထည့်ဝယ်လှူဒါန်းနိုင်ပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်....... မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။။ ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းတိုက်၊ အမှတ် (၁)ရပ်ကွက်၊နွားထိုးကြီးမြို့။ ဖုန်း - 066-80363 ။

Wednesday, 15 October 2014

ပညာဂုဏ်ရောင် စာသင်ကျောင်းဆောင် ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက် (မပြည့်အိုးမို့ ဖြည့်နေရတာပါ)


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဈေးအနောက်တောင် ခပ်ယွန်းယွန်းတွင် တည်ရှိသော ထန်းငယ်တော ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှာ ကိုရင်၊ ကျောင်းသား/သူများ ချမ်းချမ်းသာသာဖြင့် ပညာကို သင်ယူနိုင်စေရန် အလျား(၇၂)ပေ၊ အနံ(၃၀)ပေ + ၀ရံတာ(၅)ပေ ရှိ (၄)ခန်းတွဲ ကျောင်းဆောင်ကြီး ဆောက်လုပ်လျက် ရှိပါသည်။ (၂၆.၉.၂၀၁၄)ရက်နေ့က ပန္နရိုက်ပြီး လိုင်းကျင်းများ စတင် တူးခဲ့ပါသည်။ `ပညာဂုဏ်ရောင်ကျောင်းဆောင်´ဟု အမည်ပေးထားပါသည်။


ဒီပညာဂုဏ်ရောင် ကျောင်းဆောင်ကို မြေနေရာ အကျယ်၊ ငွေများများ ရှိလို့ ဆောက်လုပ်နေခြင်း မဟုတ်ပါ။ အဆောက်အဦး တိုးအောင် (မလိုအပ်တာ တွေအတွက်) တိုးချဲ့ဆောက်လုပ်နေခြင်းလည်း မဟုတ်ပါ။ လိုအပ်လို့ ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်ပါသည်။ မပြည့်အိုးမို့ ဖြည့်နေရခြင်း ဖြစ်ပါသည်။ အမှန် ၀န်ခံရလျှင် ရှိလို့ ဆောက်ခြင်း မဟုတ်၊ သိလို့ ဆောက်နေခြင်းသာ ဖြစ်ပါသည်။


ထန်းငယ်တောကျောင်းတိုက်ကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတေဇ၀န္တ ဆရာတော်ဘုရားကြီးက (၁၉၈၀)ခုနှစ်မှ စပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ် စတင် ဖွင့်လှစ်ခဲ့ပါသည်။ နောက်ပိုင်းမှာ ဘ.ကကျောင်းများ ပိတ်ခဲ့ကြပါသည်။

(၁၉၉၃-၉၄)ပညာသင်နှစ်တွင် ပြန်လည် ဖွင့်ခွင့် ရခဲ့ပါသည်။ အဲဒီနှစ်မှ စပြီး ယခုအချိန်ထိ ဖွင့်လှစ်ဆဲဖြစ်ပါသည်။ မူလတန်းအဆင့်မှ စတင် သင်ကြားပေးခဲ့ပြီး (၂၀၀၂)ခုနှစ်မှာ အလယ်တန်းအဆင့် အထက်တန်းအဆင့်တို့အထိ တိုးမြှင့် ဖွင့်ခွင့် ရခဲ့ပါသည်။ အခုအခါမှာ အလယ်တန်းအဆင့်သာ ဖွင့်ခွင့်ရထားခြင်း ဖြစ်ပါသည်။ တည်ထောင်ခဲ့သော ဆရာတော်ကြီးက (၃၁.၁.၂၀၁၄) သောကြာနေ့က ပျံလွန်တော်မူသွားခဲ့ပါသည်။ ခုချိန်မှာ ဆရာတော်ကြီး၏ တပည့် ဦးခေမိန္ဒ (မဟာဓမ္မာစရိယ-M.A,Buddhism)က ဆက်လက် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။


စတင် ဖွင့်ချိန်မှ စပြီး ကျောင်းဆောင် အင်အား လုံလောက်မှု မရှိသော်လည်း ကလေးငယ်များ၏ ပညာရေးကို ငဲ့ကွက်ကာ သင်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်။ အခု ကျောင်းမှာ စေတနာအဖြစ်ဖြင့် လုပ်အားပေး ဆရာ/မ (၁၀)ယောက် ရှိပါသည်။ သူတို့ကို ထောက်ပံ့ပေးဖို့ရန် ငွေပဒေသာပင် တည်ထောင်ကာ ၄င်းငွေပဒေသာပင်မှ (၁)လလျှင် (၁)ယောက်ကို (၄)သောင်းခွဲ ထောက်ပံ့ပေးပါသည်။ (နေ့လည် ထမင်း(၁)နပ် ကျွေးပါသည်။)


အဲဒီလို ကျောင်းပြင်လိုက်၊ ငွေပဒေသာပင် ရုန်းကန်လိုက်နဲ့ လုံးချာလည်နေသည်မှာ ခုချိန်ထိပင် ဖြစ်ပါသည်။ အလယ်တန်းအဆင့် ဆိုတော့ မူကြိုမှ (၈)တန်းအထိ (၉)တန်း ရှိပါသည်။ စာသင်ခန်းဆိုလျှင် (၉)ခန်း ရှိပါမှ အဆင်ပြေမှာ ဖြစ်ပါသည်။ ထန်းငယ်တောကျောင်းမှာ ရဟန်းတော်များ သီတင်းသုံးသည့်ကျောင်း (၂)ထပ်ဆောင် တစ်ဆောင်နှင့် ၁ထပ်ဆောင် တစ်ဆောင်၊ သိမ်ကျောင်း (၁)ကျောင်းရှိပါသည်။


စာသင်ဆောင်အနေဖြင့် (၅)ဆောင်သာ ရှိပါသည်။ ဓမ္မာရုံလို ဟောခန်းကြီး (၁)ဆောင်သာ အုတ်တိုက် ဖြစ်ပါသည်။ ကျန်(၄)ဆောင်မှာ အသားခင်းနှင့် ထရံကျောင်းတို့သာ ဖြစ်ကြပါသည်။ ဟောခန်းတိုက်ကြီးထဲမှာ ထရံကာပြီး (၃)တန်း ခွဲသင်နေရပါသည်။ တစ်တန်းက စာအော် သင်နေပြီးဆိုလျှင် ကျန်နှစ်တန်းက သင်္ချာလို အတွက်စာမျိုး သင်ပါမှ အဆင်ပြေတာပါ။ မူကြိုကလေးတွေကိုတော့ တိုက်ကြီးရဲ့ ရှေ့က ၀ရံတာ ကြမ်းပြင်မှာ (၄)ယောက်တွဲ ခုံရှည်ချပြီး သင်ပေးနေရခြင်း ဖြစ်ပါသည်။ (၈)တန်းကိုတော့ (၂)ထပ်တိုက် အပေါ်ထပ်မှာ ခေတ္တ သင်ပေးနေရခြင်း ဖြစ်ပါသည်။ ကျောင်း စဖွင့်တုန်းကတော့ (၄)တန်းကို သိမ်ထဲမှာပဲ သင်ပေးခဲ့ရတာပါ။ အဲဒီအချိန်နှင့် ယှဉ်ကြည့်လျှင်တော့ အခုအနေထားက တော်သေးတယ်လို့ ဆိုရမှာ ဖြစ်ပါသည်။


အဲဒီလို အဆင်မပြေမှုတွေကို ကြည့်ရ မြင်ရသည်မှာ စိတ်မချမ်းသာလှပါ။ မတတ်သာလို့သာ ဒီအတိုင်း ကြည့်နေရခြင်း ဖြစ်ပါသည်။ ထို့ပြင် ခေတ်အနေအထား၊ လူ့သဘာဝ အရ ကြည့်မည်ဆိုလျှင်လည်း ဘယ်လောက်ပဲ သင်ပြမှု ကောင်းကောင်း ကျောင်းအဆောက်အဦးတွေက သေးနုပ် ညံ့ဖျင်း စုတ်ပြတ်နေမည်ဆိုလျှင် ဘယ်သူကမှ အထင်ကြီးကြမှာ မဟုတ်ပါဘူး။ ၀န် မခံလျှင်သာ ရှိမည်။ ပုထုဇဉ်တို့ သဘောထားကတော့ ကျောင်းပုံစံတွေကို မြင်ရုံဖြင့် အထင်သေးသွားမည်မှာ သေချာလှပါသည်။


ထို့ကြောင့် အခု (၄)ခန်းတွဲ ကျောင်းဆောင်ကြီးကို ဆောက်လုပ်ရခြင်း ဖြစ်ပါသည်။

ကျောင်းကြီးထဲက (၂)တန်း နှင့် ကြမ်းပြင်ပေါ် သင်နေရတဲ့၊ တစ်ခါတရံ ပူလွန်းလို့ သစ်ပင်အောက် ထွက်ပြီး စာကျက်နေရတဲ့ အတန်း(၂)တန်းကို ဒီပညာဂုဏ်ရောင် ကျောင်းဆောင်ကြီးထဲမှာ (၁)တန်းကို (၁)ခန်းစီ ရွှေ့ပြောင်းပေးပြီး အဆင်ပြေပြေ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ကြားပေးနိုင်မှာ ဖြစ်ပါသည်။


လွတ်သွားတဲ့ အသားထရံကျောင်းဆောင် (၁)ဆောင်ကို စာကြည့်တိုက်အဖြစ်ဖြင့် အသုံးပြုသွားမှာ ဖြစ်ပါသည်။ (ဒီကျောင်း ဆောက်ပြီးရင်လည်း စာကြည့်တိုက်ကို အုတ်တိုက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။) စာအုပ်တွေ ရှိနေပေမယ့် ထားစရာ အဆောင် မရှိခြင်းက ကျောင်းတစ်ကျောင်းရဲ့ အင်္ဂါရပ်နှင့် မညီသလို ခံစားရပါသည်။ တကယ်ပါ။ စာအုပ်စာပေက ကလေးတစ်ယောက်အတွက်၊ လူတစ်ယောက်အတွက် အများကြီး ပြောင်းလဲသွားနိုင်ပါသည်။ မိမိတို့ ငယ်စဉ်က အဆင်မပြေတာတွေကို ပြေလည်အောင် ပြုလုပ်ပေးရင်း ပရဟိတစိတ်ဓာတ်တွေ ဖွေးလက်နေဦးမှာ ဖြစ်ပါသည်။


အထက်ပါအကြောင်းအရာများသည် ပညာဂုဏ်ရောင် ကျောင်းဆောင် ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်များ ဖြစ်ပါသည်။ အမှန်တော့ အခု ဆောက်လုပ်နေခြင်းသည် ရှိလို့ လုပ်နေခြင်း မဟုတ်၊ သိလို့ လုပ်နေခြင်းပါ။ ပြည့်နေတဲ့ အိုးကို လျှံထွက်သွားအောင် ထပ်ဖြည့်နေခြင်း မဟုတ်၊ မပြည့်အိုးမို့ ဖြည့်နေရခြင်းသာ ဖြစ်ပါသည်။

No comments:

Post a Comment